ဖယ်ခုံ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲရုံလုံခြုံရေးတာ၀န်များ ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့၀င်များ လုပ်ငန်းခွင် သင်တန်း ဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက ဖယ်ခုံမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေးက အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်က အထူးရဲသင်တန်းသားများအား သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။
“သင်တန်းကာလ ၂၈ ရက်အတွင်းမှာ အခြေခံလက်နက်မဲ့စစ်ရေးပြ၊ ရာဇသတ်ကြီးဥပဒေ၊ ရာဇ၀တ် ကျင့်ထုံးဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်၀တ်၊ ပြည်သူ လူထုပူးပေါင်းပါ၀င်သော ရဲလုပ်ငန်းစနစ်၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်၀တ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ဘာသာရပ်တွေကို လေ့ကျင့် သင်ကြား ခဲ့တာဖြစ်တယ်။ ရွေးကောက်ပွဲမှာ လုံခြုံရေးအပြည့်အ၀ ဆောင်ရွက်နိုင်ဖို့ လက်ရှိမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားနဲ့ လုံလောက်မှုမရှိတဲ့အတွက် အခုလို အထူးရဲများကို ဥပဒေနဲ့ အညီ ခန့်အပ်ပြီး လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်တယ် ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းနိုင်က ပြောကြားသည်။
အထူးရဲတပ်ဖွဲ့များအနေဖြင့် မိမိ၏တာ၀န်နှင့် ၀တ္တရားများကို ရဲတပ်ဖွဲ့များနည်းတူ တာ၀န်ချထားသည့် နေရာဒေသတွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ အထူးရဲ တာ၀န်ထမ်းဆောင်သည့် ၄၅ ရက်တာ ကာလ အတွင်း အမြဲတမ်းခန့်အပ်ခြင်းခံရတဲ့ ရဲတပ်ဖွဲ့၀င်များနည်းတူ လစာနှင့် ရိက္ခာများ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း နှင့် လိုက်နာရမည့် ဥပဒေ အမိန့်နှင့် ညွှန်ကြားချက်များ၊ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။
“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အထူးရဲအဖြစ် တာ၀န်ထမ်းဆောင်ခွင့်ရတာ အင်မတန်မှဂုဏ်ယူ၀မ်းမြောက်ပါတယ်။ အထူးရဲသင်တန်းမှာ ၂၈ ရက်တိတိ တက်ခဲ့ ရပြီးတော့ ဘာသာရပ် တော်တော်များများ သင်ရပါတယ်။ စိတ်၀င်စားဖို့လဲ ကောင်းပါတယ်။ ရွေးကောက်ပွဲမှာ မဲရုံတွေမှာ တာ၀န်ထမ်း ဆောင်တဲ့အခါ ဆောင်ရန်၊ ဆောင်ရန် နည်းလမ်းများကို သိရှိခဲ့ရတဲ့အတွက် သင်တန်းက နည်းပြဆရာ များနဲ့တကွ တာ၀န်ရှိသူများကိုအထူးကျေးဇူးတင်ပါတယ်”ဟု အထူးရဲသင်တန်းတွင် တပ်ခွဲမှူးအဖြစ် တာ၀န် ထမ်းဆောင်သော ဦးသူရသွင်ကပြောသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထူးရဲတာ၀န်ထမ်းဆောင်မည့် သင်တန်းသား ၁၁၀ ဦးအား ဖယ်ခုံမြို့ အခြေခံ ပညာ အထက်တန်းကျောင်းတွင် ၅၁ ဦး၊ မိုးဗြဲတွင် ၃၈ ဦး၊ ပီကင်းတွင် ၂၁ ဦး နေရာများခွဲ၍ လေ့ကျင့်သင်ကြားပေးခဲ့ရာ ယနေ့သင်တန်းဆင်းပွဲပြီးနောက် အထူးရဲ တပ်ဖွဲ့၀င်များအား မဲရုံအသီးသီးသို့ တာ၀န်ခွဲ ဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့၀င်များ၊ အထူးရဲသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
မောင်မောင်ထွေး(ပြန်/ဆက်)