ခရမ်းမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲပြုလုပ်

ခရမ်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ထူးမြတ်ဇင်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို ဖတ်ရှုလေ့လာစေလိုကြောင်းစသည်တို့အား အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ်စာအုပ်စာပေများ၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပါသည်။ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကိုကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုမင်း ( ခရမ်း )