အလုံ ဇန်နဝါရီ ၁၉
ကျောင်းသား၊ လူငယ်များအနေဖြင့် သဘာဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန်များကို သိရှိရှောင်ရှားနိုင်ရန်အတွက်ရည်ရွယ်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုးမှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်လှကြူမာမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်အသိပညာပေး Kaeru Caravan ဂိမ်းကစားနည်း(၉)မျိုး ဂိမ်းကစားခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)