မြင်းခြံ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့/မေးခိုင် ကာကွယ်ဆေး(စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို အသက်(၂)နှစ်နှင့် (၄)လကြားရှိ ကလေးများအား စတင်တိုက်ကျွေးမှုကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စတင်တိုက်ကျွေးခဲ့ကြပြီး လာရောက် တိုက်ကျွေးသည့် ကလေးငယ်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်ဆုံဆို့/မေးခိုင်ကာကွယ်ဆေး(စတုတ္ထအကြိမ်)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း ပြုလုပ်ရခြင်း အကြောင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသင်းသီရိအောင်(အဖွဲ့ခေါင်းဆောင်တိုးချဲ့ကာကွယ်ဆေး/ကူးစက်)ကလည်း မြန်မာနိုင်ငံတွင် သေဆုံးမှုများထဲမှာ ဝမ်းပျက်ဝမ်းလျော ရောဂါလည်းပါဝင်တာကြောင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး တိုက်ကျွေးရခြင်းဖြစ်ကြောင်းနှင့် မြို့ပေါ်တွင် ကလေး(၉၀)ဦးနှင့် ကျေးရွာများတွင် ကလေး(၁၀၀)ဦး စုစုပေါင်း (၁၉၀) ဦးကို ယနေ့ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)