မိုးကောင်း ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁)ကျောင်းမှ Grade-8 ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က အမှာစကားပြောကြားပြီး အ.ထ.က(၁)ကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကာယ၊ ဉာဏဆုရရှိသူ(၁၇၆)ဦးကို မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ဆုအသီးသီးချီးမြှင့်ကြသည်။
ထို့နောက် အ.ထ.က(၁)ကျောင်းမှ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူများက ရတနာပုံ၊ ဗမာမလေးပါရှင်၊ ထာဝရသစ္စာ၊ အလှကမ္ဘာမြေ၊ ကောက်စိုက်ချိန်၊ ဦးရွှေရိုးနှင့်ဒေါ်မိုး၊ ချစ်သောမော မြေ၊ ရှင်းရှင်းပြောပါလား၊ ရန်ကုန်သားလေးကျွန်တော်၊ မမေ့နိုင်တဲ့မြေ၊ မင်္ဂလာပါ စသည့် တေးသီချင်းများ၊ ကချင်ရိုးရာ၊ ရှမ်းရိုးရာ အကများဖြင့် ဖျော်ဖြေကြပြီး Grade-8 ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းတေးသီချင်းသီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)