မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း တရားမဝင်ရော်ဘာခုတ်လှဲသယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင်   ဇန်နဝါရီ   ၁၉

မွန်ပြည်နယ်အတွင်း တရားမဝင်ရော်ဘာခုတ်လှဲသယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နိုင်မှုသည် ၉၇% ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍမှ ဆောင်ရွက်နိုင်မှုသည် ၃% ခန့်သာရှိသဖြင့် ပုဂ္ဂလိကကဏ္ဍပါဝင်မှုမှာ အဓိကကျသဖြင့်ပုဂ္ဂလိက ခြံရှင်ငယ်များ(Small holder)မှာ အဓိကဖြစ်ပြီး (၅)ဧကအောက်ခြံများနှင့် (၅)ဧကမှ (၂၀)ဧကအတွင်းရှိခြံများမှာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံရော်ဘာစိုက်ဧရိယာ၏ ၉၀% ခန့်ရှိပါကြောင်း၊ (၂၀)ဧကနှင့်အထက် (၅၀)ဧကအထက်နှင့်(၁၀၀)ဧကအထက်ရှိ ခြံလတ်၊ ခြံကြီးများအနေနဲ့ ၁၀% ခန့်သာရှိ‌ကြောင်း၊ မွန်ပြည်နယ်သည် စိုက်ဧရိယာအများဆုံး ဒေသတစ်ခုဖြစ်ကာ (၂၀၂၂-၂ဝ၂၃)ခုနှစ်တွင် စိုက်ဧကပေါင်း (၅၀၄,၉၈၈)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သဖြင့် တစ်နိုင်ငံလုံး စိုက်ဧရိယာ၏ ၃၀.၈၉% ရှိတာကို တွေ့ရှိရမှာဖြစ်၍ မွန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရော်ဘာ အခန်းကဏ္ဍသည် အဓိကပါဝင်နေပါသဖြင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက်  ဌာနဆိုင်ရာများနှင့်အတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့်ပုဂ္ဂလိကခြံရှင်များ၊ ရော်ဘာတန်ဖိုး ကွင်းဆက် တစ်လျှောက်ပါဝင်ပတ်သက်သူ အားလုံးမှပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်‌ကြောင်း၊ ရော်ဘာခုတ်လှဲခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ စိစစ်ထောက်ခံချက်များနှင့်အတူ ခုတ်လှဲခွင့်များ ခွင့်ပြုပေးခြင်း၊ ရော်ဘာသယ်ယူခွင့်များ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ခုတ်လှဲခွင့်ပြုသည့် ဧရိယာထက် ပိုမိုခုတ်လှဲနေခြင်း၊ သယ်ယူခွင့်ပြုသည့် ပမာဏထက် တရားမဝင်ပိုမိုသယ်ဆောင်မှုများရှိနေသည်ကို တွေ့ရှိရတဲ့အတွက် တရားမဝင်ရော်ဘာခုတ်လှဲသယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်သွားနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့က တရားမဝင်ရော်ဘာခုတ်လှဲ သယ်ဆောင်မှုများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး ကိစ္စရပ်များနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က မွန်ပြည်နယ်အတွင်း မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးအစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများကအကြုံပြုဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောက်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)