မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “တို့ယုံကြည်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ပညာရေးသည် နိုင်ငံတစ်နိုင်ငံရဲ့ရှင်သန်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီရေးတို့အတွက် အခြေခံအကျဆုံးအုတ်မြစ်ဖြစ်၍ ပညာရေးကဏ္ဍကို ကောင်းမွန်တဲ့အခြေအနေရောက်အောင် အဓိကအကောင်အထည် ဖော်ပေးတဲ့သူများကလည်း အခြေခံပညာရေး ဆရာ၊ ဆရာမများဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို ဘက်စုံပေါင်းစပ်ထားတဲ့ ချဉ်းကပ်မှုပုံစံ (Integrated Approach)အပြင် ဆရာများနှင့်ပက်သက်သည့် အယူအဆသဘောတရားများ၊ ကျင့်ဝတ်များ၊ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြသနိုင်သည့် သင်နည်းများ၊ အကဲဖြတ်စစ်ဆေးခြင်းများကို လက်တွေ့ပြန်လည်အသုံးချနိုင်အောင် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်က လမ်းညွှန်သင်ကြားပေးခဲ့ပြီးဖြစ်၍ စာပေသင်ကြားတဲ့အခါမှာ ဘာသာရပ်ဆိုင်ရာအသိပညာများကိုသာ အလေးပေးခြင်းမဟုတ်ပဲ သက်ဆိုင်ရာအသက်အရွယ်အုပ်စုအလိုက် သင်ကြားပေးရမှာဖြစ်ပြီး ကလေးများရဲ့အသိပညာ (Knowledge)၊ ကျွမ်းကျင်မှု(Skill)၊ စိတ်နေသဘောထား (Attitude)များကိုပါ တိုးတက်ပြောင်းလဲအောင် သင်ကြားပေးရမှာဖြစ်ပါကြောင်း၊နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများဖြစ်ကြသည့်အတွက် နိုင်ငံတော်ရဲ့ကျေးဇူး သစ္စာကိုစောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေများကိုလိုက်နာခြင်း၊ တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းစတဲ့ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာပြီး ဝန်ထမ်းကောင်းဘဝဖြစ်အောင် ကြိုးစားကြစေလိုကြောင်း‌ ပြောကြားသည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆုရသင်တန်းသား၊ သင်တန်းသူများအား မွန်ပြည်နယ်၀န်ကြီးချုပ်၊
ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက Fitness dance အကဖြင့်  ဖျော်ဖြေခြင်း၊ “စည်းလုံးစို့လေသွေးချင်းတို့ရဲ့ပြည်” သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

စည်သူ(ပြန်/ဆက်)