မိုင်းငေါ့ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉) အချိန်ခန့်က မိုင်းငေါ့မြို့အခြေခံပညာအထက်တန်းကျောင်း (မြစိမ်းရောင်) ခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မိုင်းငေါ့နယ်မြေရဲစခန်းမှ စခန်းမှူးဒုတိယရဲအုပ်အောင်သူက သင်တန်းသားများ ရွေးကောက်ပွဲကာလအတွင်း မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် မဲရုံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုက်နာရမည့်စည်းကမ်းချက်များနှင့် အထူးဂရုပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းငေါ့မြို့နယ်အတွင်းမဲရုံ(၁၆)ရုံရှိပြီး တစ်ရုံလျှင် (၁)ဦးနှုန်းဖြင့် မဲရုံလုံခြုံရေး အတွက် အထူးရဲ(၁၆)ဦးအား မဲရုံလုံခြုံရေး တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)