ဗန်းမော် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက်(၉)နာရီခွဲခန့်က အ.ထ.က(၆) အလံတိုင်ရှေ့ မြက်ခင်းပြင်မဏ္ဍပ်တွင် ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပ ရခြင်းဖြစ် ကြောင်း"ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ အ.ထ.က(၆)ကျောင်းမှ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည့် Grade-10 ကျောင်းသား မောင်စိုင်းဒီဇင်က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ညီညီသက်ပိုင်က "လူငယ်နှင့် စိတ်ဓာတ်ခွန်အား" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မသက်နှင်းခိုင်က "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျေင်းသူ မရတီထွန်းက "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူ ဦးအောင်ကျော်ထွန်းက စကားဝိုင်းနှင့်ပတ်သက်၍ နိဂုံးချုပ်သုံးသပ် ဆွေးနွေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)