တိုက်ကြီး ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မြို့မ(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဉီးစွာမြို့မ(၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားစတင် ဖွင့်လှစ်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးလှိုင်ဝင်းကအဖွင့်အမှာစကားပြောကြားကာ နယ်မြေမှူး ဆရာကြီးဦးဇော်ဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု၊ လွတ်လပ်ရေးနေ့နှင့် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသားကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထူးချွန်ဆုရရှိသူ ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ မြို့မ(၇)အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး၊ နယ်မြေမှူးဆရာကြီးနှင့်ဆရာဆရာမများ၊ အငြိမ်းစားဆရာဆရာမကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)