မုဒုံ ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံအားနည်းသော ကျောင်းသား/သူများအား မျက်မှန်များပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သင်္ဘောဦးကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးလုပ်ငန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနောက်ပိုင်းတွင် စာသင်ကျောင်းအခြေပြု မျက်စိစစ်ဆေးခြင်းလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်လာကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊ လယ်၊ မူ) ကျောင်းသား/သူများကို မျက်စိအမြင်အာရုံချို့ယွင်းမှု ရှိ/မရှိ၊ အဝေးကြည့်မှုန်ခြင်း ရှိ/မရှိ၊ အနီးကြည့်မှုန်ခြင်း ရှိ/မရှိတို့ကို အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း စာသင်ကျောင်းများမှ မျက်မှန်တပ်ရန်လိုအပ်သည့် ကျောင်းသား/သူ စုစုပေါင်း (၈၃)ဦးအား မျက်မှန်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)