ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ စာပေဖတ်ရှုရာတွင် မိမိဖတ်ရှုသည့်အကြောင်းအရာကို ပြန်လည်စဉ်းစားတတ်စေရေး၊ မြို့ပေါ်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသူများဖြစ်ခြင်းကြောင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတို့ကို သိရှိနားလည်စေရေးအကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေး ဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)