ပုဇွန်တောင် အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်မည့် အထူးရဲများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မဲရုံလုံခြုံရေးတွင် တာဝန်ထမ်း ဆောင်ကြမည့် အထူးရဲများအနေဖြင့် မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ မဲဆန္ဒရှင် ပြည်သူများ လုံခြုံစွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် ဟန့်တားမှု များမဖြစ်ပေါ်စေရေး၊ မဲရုံပုရဝုဏ်နှင့် ကိုက်(၅၀၀)အတွင်း မလိုလား အပ်သော ပြဿနာအနှောင့်အယှက် အဟန့် အတားများ မဖြစ်ပေါ်စေရေးနှင့် ဆူပူမှုများမရှိစေရေးတို့နှင့်ပတ်သက်၍ လုံခြုံရေးကို အထူးဂရုစိုက်တာဝန်ယူ ဆောင်ရွက်သွားကြရန် မြို့နယ်မှူး ရဲမှူးမောင်မောင်သန်းမှ ပြောကြားခဲ့ပြီး ပုဇွန်တောင်မြို့နယ် အတွင်း မဲရုံ(၂၆)ရုံရှိသည့်အတွက် မဲရုံ တစ်ရုံလျှင်အထူးရဲ တစ်ယောက်နှုန်းဖြင့် အထူးရဲ(၂၆)ဦး ခေါ်ယူပြီး အောက်တိုဘာ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂၈)ရက်ကြာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)