တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပြီး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တံတားဦး ဇန်နဝါရီ ၁၉

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံ ပညာဦးစီးဌာန၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က  ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း  ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော  စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်နှင့် လူငယ်များမူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများရရှိရေးပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ပြောကြားပေးသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြန်လည်ဖြေကြားပေးပြီးအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီအရာရှိနှင့်ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ တက်ရောက်ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပေးပြီး ကျောင်းသား/သူများအား မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)