မြစ်သားမြို့နယ် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

မြစ်သား ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်နဲ့ပြည့်စုံပြီး အသိပညာဗဟုသုတများရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူပေါင်းဆောင်ရွက်တက်ပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဦးဆောင်ပြီး Grade - 11 ကျောင်းသား မောင်ရဲရင့်မာန်က လူငယ်နှင့်ဖုန်းအသုံးပြုမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade6ကျောင်းသူ မနှင်းလဲ့လဲ့မွန်က လူငယ်နှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မဇင်ယုလှိုင်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade–6 ကျောင်းသူ မချမ်းမြေ့မြေ့သော်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများကလည်း အပြန်အလှန် သိလိုသောမေးခွန်းများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးအောင်ကျော်မိုး၊ အခြေခံပညာစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား(၂၇၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)