ကာလိ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း Grade-5 မှ ကျောင်းသား၊ ကျောင်းသူများက "ဘက်စုံပညာကိုရည်တို့ လှမ်းချီ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းကလည်ကောင်း၊ ကွန်ဟိန်းမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်ကလည်းကောင်း၊ မိဘဆရာအသင်းဒုဥက္ကဋ္ဌတို့မှ အသီးသီးအမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိုးစိုးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပညာသင်ဆုရရှိသည့် ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)