မိုင်းပျဉ်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ မူလွန်အမကကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကားများအသီးသီးပြောကြားကြသည်။ ဆက်လက်၍ ဟောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ပညာရေးစုံညီပွဲတော်ကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ဝမ်ယန်းကျေးရွာ၊ မူလွန်အ.မ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအပြီးတွင် ကျောင်းအတွက်လိုအပ်သော ပန်ကာ(၅)လုံးနှင့် မီးကြိုးများလှူဒါန်းပေးသော ဦးဝါဝိလအား အ.မ.က(မူလွန်)ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် ဝမ်ယန်း၊ အ.မ.က(မူလွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး