စဉ့်ကိုင် ဇန်နဝါရီ ၁၉
နိုင်ငံတော်မှတစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လူငယ်ကဏ္ဍများကို အဓိကထားမြှင့်တင် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.မ.က (ကသဲစု)ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းခန်းမ၌ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိုးပိုင်နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အ.မ.က (ကသဲစု)မှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် လက်ထောက်ပညာရေးမှူးဦးစိုပိုင်က အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ အ.မ.က (ကသဲစု)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်သူဇာက စာသင်ကျောင်းများ၏ဖွံ့ဖြိုးတိုးတက်သည့်အကြောင်းအရာများနှင့် ပညာရည်ချွန် ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကိုဖြစ်မြောက်အောင် အဘက်ဘက်မှဝိုင်းဝန်းကူညီပံ့ပိုးကြသည့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ် လက်ထောက်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက အကအလှပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)