ပင်လောင်းမြို့နယ်၊ ထီတလိကျေးရွာ၌ ပြည်သူ့အကျိုးပြု မြေသားလမ်းနှင့်ရေစိမ့်တွင်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပင်လောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု ထီတလိကျေးရွာတွင် ပြည်သူ့အကျိုးပြုမြေသားလမ်းနှင့်ရေစိမ့်တွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ထီတလိကျေးရွာ မြေသားလမ်းမုခ်ဦး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်သူ့အကျိုးပြုမြေသားလမ်းနှင့် ရေစိမ့်တွင်းသစ်ကို ထီတလိကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒသာမိ၊ ကျောင်းဒကာ ဦးခွန်သိန်းနိုင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်အောင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အိုးစည်ဗုံမောင်းများဖြင့် မြေသားလမ်းတစ်လျှောက် လှည့်လည်မင်္ဂလာယူခဲ့ကြသည်။

အဆိုပါ ပြည်သူ့အကျိုးပြုမြေသားလမ်းဖွင့်ပွဲနှင့်ပတ်သက်၍ ကျေးရွာနာယက ဦးခွန်အောင်သိန်းက ယခုမြေသားလမ်းသည် ကျေးရွာအနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းတို့ကို ဆက်သွယ်ပေးသည့် လမ်းတစ်ခုဖြစ်သောကြောင့် ကျေးရွာအနောက်ဘက်ခြမ်းရှိ အိမ်ထောင်စု (၇၀)တို့၏ ကျောင်းနေရွယ် သားသမီးများ ကျောင်းသို့ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယခုမြေသားလမ်းသည် ကျောင်းထိုင်ဆရာတော်၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများက ထည့်ဝင်လှူဒါန်းငွေပေါင်း ကျပ်(၇၆)သိန်းကျော်ဖြင့် ဖောက်လုပ်ခဲ့ပြီး လမ်းအရှည် (၁၃၆၄)ပေနှင့် အကျယ်(၁၅)ပေရှိကြောင်း၊ မြေသားလမ်းမှသည် ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းအားဖြင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သည့် ရေစိမ့်တွင်းသစ်သည်လည်း ကျေးရွာနေပြည်သူများ ရာသီမရွေး သုံးစွဲနိုင်သည့် ရေစိမ့်တွင်းဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရေးနှင့် တိမ်ကောပပျောက်မှု မရှိစေရေးတို့အတွက် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ကျေးရွာနာယက ဦးခွန်အောင်သိန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)