ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေတံတားပေါ်တွင် သံဘေလီတံတားတည်ဆောက်နေစဉ် ယာဉ်အသွားအလာအားလုံး ယာယီပိတ်ထား

တာလေ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အက်ကွဲကြောင်းများဖြစ်ပေါ်နေသော တာလေတံတားပေါ်တွင်  ယမန်နေ့ည ၇ နာရီမှစ၍ ယာယီသံဘေလီတံတား တည်ဆောက်လျက်ရှိရာ ယာဉ်အသွားအလာအားလုံး ပိတ်ထားကြောင်း သိရသည်။

တာလေတံတားသည် တာလေမြို့အား ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်လင်းချောင်း (တာလေချောင်း)ပေါ်တွင် အရှည်(၃၂၇)ပေ၊ အကျယ်(၃၀)ပေရှိသော ကျောက်စီဂုံးတံတား အမျိုးအစားဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းက ကျောက်စီဂုံးတံတား၏ ကမ်းကပ်ခုံအနီး ပထမဂုံး (ကျိုင်းတုံဘက်ခြမ်း)တွင် အက်ကွဲကြောင်းများဖြစ်ပေါ်ကာ အောက်သို့(၂)လက်မခန့် နိမ့်ကျသွားသည်ကို သိရှိရသဖြင့် ယာဉ်အသွားအလာအားလုံး ခေတ္တပိတ်၍ တာဝန်ရှိသူများ၏ ကွင်းဆင်းကြည့်ရှုစစ်ဆေးချက်အရ ညနေပိုင်းတွင် ယာဉ်ငယ်များအား တစ်စီးချင်းဖြတ်သန်းခွင့်ပြုခဲ့ပြီး ည ၇ နာရီမှစ၍ ယာဉ်အသွားအလာအားလုံး ပိတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပေါ်တွင် ယမန်နေ့ညပိုင်းမှစတင်ကာ ရှမ်းပြည်နယ်တံတားအထူးအဖွဲ့(၁၂)က အရှည်(၉၀)ပေ၊ အကျယ်(၁၂)ပေခွဲရှိ ယာယီသံဘေလီတံတားအား အမြန်ဆုံးပြီးစီးအောင် တည်ဆောက်လျက်ရှိပြီး သံဘေလီတံတားတည်ဆောက်နေစဉ်အတွင်း ယာဉ်အသွားအလာအားလုံး ပိတ်ထားမည်ဖြစ်ကြောင်းနှင့်(၂၀-၁-၂၀၂၄)ရက်နေ့တွင် ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ရေးအတွက် နေ့ရောညပါ ကြိုးစားတည်ဆောက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)