မြန်မာတို့၏ အလှူအတန်းများ၊ ဧည့်ခံပွဲများတွင် မုန့်မျိုးစုံတို့မှာ မပါမဖြစ် အချိုပွဲများအဖြစ် တည်ခင်းဧည့်ခံလေ့ရှိကြပါသည်။ နေ့စဉ်လူမှုဘဝတွင် လူကြီး၊ လူငယ်၊ ကလေး အားလုံးတို့မှာ စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိကြသည်။ လက်ရှိအချိန်တွင် ပြည်ပမှ အစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ ဝိသမလောဘသားတို့ တရားမဝင် တင်သွင်းဖြန့်ချိသည့် မုန့်အများစုတို့မှာ ဓာတုဆိုးဆေးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ စားသုံးသူတို့အတွက် ကျန်းမာရေးအန္တရာယ် အလွန်ကြီးလှပေသည်။
မြန်မာတို့တွင်လည်း မြန်မာ့ရိုးရာမုန့် အမျိုးအစားစုံလင်စွာ ရှိပေသည်။ မြန်မာ့ရိုးရာမုန့် အများစုမှာ ဒေသထွက်သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝကာ ကျန်းမာရေးအထောက်အကူဖြစ်စေပါသည်။ ၎င်းအပြင် ရိုးရာမုန့်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းသည် ပြည်ပသွင်းကုန် လျှော့ချစေနိုင်ရုံသာမက ဒေသတွင်း သဘာဝကုန်ကြမ်းပစ္စည်းများ ဈေးကွက်ရရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရာ ရောက်ပေသည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလားအလာကောင်းသည့် ဒေသထွက် ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်တစ်ဝှမ်း၌ မြန်မာ့ရိုးရာအစားအစာလုပ်ငန်းများ ပြန်လည်တွင်ကျယ်လာသည်ကိုလည်း မြင်တွေ့နေရပေသည်။
အဆိုပါလုပ်ငန်းများအနက် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၌ရှိသည့် "ရွေယောက်ဖ" ရိုးရာကပျာကယာမုန့်လုပ်ငန်းမှာ သဘာဝကုန်ကြမ်းပစ္စည်းစစ်စစ်များကို အဓိကအသုံးပြုပြီး ထုတ်လုပ်ထားခြင်းကြောင့် ဈေးကွက်ဝင်ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခုလည်းဖြစ်ရာ လုပ်ငန်းတည်ထောင်သူတစ်ဦးဖြစ်သည့် မသူဇာဝင်းထံ သွားရောက်တွေ့ဆုံ မေးမြန်းမှုကို ပြန်လည်မျှဝေလိုက်ပါသည်။
မေး။ ဒီလို ရိုးရာကပျာကယာမုန့်ကို ဘာကြောင့် လုပ်ဖြစ်တယ်ဆိုတာလေး သိပါရစေရှင့်။
ဖြေ။ ကျွန်မက ရွာမှာ "ရွှေယောက်ဖ" ဆိုတဲ့ နာမည်နဲ့ ဒီရိုးရာကပျာကယာမုန့်နဲ့ မွေးနေ့ကိတ်ဆိုင်လေးဖွင့်ထားတာပါ။ ဆိုင်ကတော့ သုံးနှစ်လောက်ရှိပြီ။ ရွာမှာက အလှူလုပ်တဲ့အခါတွေမှာ ဒီကပျာကယာမုန့်က မပါမဖြစ် ရွာရဲ့ဓလေ့လိုဖြစ်နေတယ်။ ကိုယ့်ရွာရဲ့ ရိုးရာဆိုလည်းမှန်တယ်။ ဒါကြောင့် ကျွန်မ ဆိုင်လေးဖွင့်တဲ့အခါမှာ ဒီမုန့်ကို ထုတ်ကုန်တစ်ခုအနေနဲ့ ဆက်ပြီးလုပ်ဖြစ်တာပါ။
မေး။ အခုလို ရိုးရာမုန့်ကို ကိုယ်ပိုင်တံဆိပ်တစ်ခုနဲ့ ဈေးကွက်ထိုးဖောက်နိုင်တဲ့အပေါ်မှာ ဘယ်လိုခံစားမိပါသလဲရှင့်။ နောက်ပြီး ဒီမုန့်က ဘယ်ကာလတွေမှာ ရောင်းအား အကောင်းဆုံးလည်းဆိုတာကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ကိုယ့်နယ်ကမုန့်ကို ကိုယ်တိုင်လုပ်ပြီး အခြားနယ်တွေကိုလည်း ဖြန့်နိုင်တာဆိုတော့ ကျေနပ်မိပါတယ်။ ဒီမုန့်က အဖိုးအဖွားတွေလက်ထက်ကစပြီးတော့ လုပ်လာခဲ့ကြတယ်။ ကျွန်မကတော့ အမေ့ဆီက ပြန်ပြီးသင်ယူ လက်ဆင့်ကမ်းခဲ့တာပါ။ အမေတို့ကရွာဓလေ့ အလှူပွဲတိုင်းမှာ ဒီမုန့်ကို တာဝန်ယူလုပ်ကိုင်ပေးတယ် အမျိုးသမီးအဖွဲ့အနေနဲ့ပေါ့။ ဒီမုန့်က ဒီနယ်တကြောမှာဘဲ လုပ်ကြတယ်။ အရောင်းရဆုံးကာလတွေကတော့ အလှူအတန်းတွေ ပေါများတဲ့ တန်ခူးလ၊ သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွေမှာပေါ့။
မေး။ စားသုံးသူတွေအန္တရာယ်ကင်းရှင်းအောင် ဘာတွေသုံးပြီး ဘယ်လိုစီမံထားတယ်ဆိုတာ ပြောပြပေးပါရှင့်။
ဖြေ။ ဒီမုန့်က စားသုံးသူတွေကို အန္တရာယ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ လုံးဝမသုံးထားပါဘူး သဘာဝပစ္စည်းတွေဖြစ်တဲ့ ဂျုံ၊ ကြက်ဥ၊ နို့ဆီ၊ သကြား၊ အုန်းနို့ ဒါတွေကိုဘဲ အဓိကသုံးထားပါတယ်။ ရွာမှာကတော့ အချို့က ကြက်ဥနေရာမှာ ဘဲဥကိုသုံးတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ် ထည့်သုံးကြတာပေါ့။ ဒီမှာတွေကတော့ ဒီမုန့်ကို လက်ဆောင်ပစ္စည်းအနေနဲ့ရယ် အလှူအတန်းတွေအတွက်ရယ် ဝယ်ကြတာများတယ်။ ဒီမုန့်က လူကြိုက်များပါတယ်။ ကျွန်မတို့က လုပ်ငန်းအသေး တနိုင်တပိုင်လောက်ဘဲဆိုတော့ သိပ်မဖြန့်နိုင်ဘူး၊ လုပ်ငန်းကိုတိုးချဲ့ဖို့တော့ စဉ်းစားထားပါတယ်။
မေး။ ဒီလုပ်ငန်းထူထောင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်း ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ကျွန်မ ဒီလုပ်ငန်းကို စလုပ်တဲ့အချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ရွာဓလေ့ ရိုးရာမုန့်ဆိုတော့လေ ရွာကတော့သိတာပေါ့ ပြင်ပကတော့ မသိကြသေးဘူး သိပ်မရောင်းရဘူး။ ဈေးကွက်က ရွာလောက်နဲ့ပဲက အဆင်မပြေဘူး။ အများကြီး ထိုးဖောက်ရတယ်။ အခုကျတော့ အသိများလာကြပြီ အမှာလည်း များလာတယ် နေ့စဉ်လိုလို ဒီမုန့်ကို လုပ်ရတယ်။
မေး။ ဒီလုပ်ငန်းကို တရားဝင်မှတ်ပုံတင်ပြီးပြီလို့လည်း သိထားပါတယ်။ အခုလို တရားဝင်လုပ်ကိုင်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ် ဆိုတာကိုလည်း မျှဝေပေးပါဦးရှင့်။
ဖြေ။ ကျွန်မ ဒီလုပ်ငန်းကိုလုပ်ရင်းနဲ့ဘဲ တဖြည်းဖြည်းလုပ်ငန်းက အထိုက်အလျှောက် တွင်ကျယ်လာတဲ့အခါမှာ မှတ်ပုံတင်လုပ်ဖို့ စဉ်းစားရတာပေါ့။ ဒါကြောင့်ဘဲ သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ချိတ်ဆက်ပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ တစ်ခုကျေးဇူးတင်ချင်တာက မှတ်ပုံတင်လျှောက်တဲ့အခါမှာ အစစအရာရာ လွယ်ကူ အဆင်ပြေအောင် ကူညီပေးခဲ့ကြတဲ့ ခရိုင်ဦးစီးမှူးနဲ့ဝန်ထမ်းအားလုံးကိုပါ။ ကျွန်မက ရွာမှာနေတဲ့သူဆိုတော့ ရုံးဌာနကိုသွားပြီး လုပ်ဖို့စိုးရိမ်ခဲ့တယ်။ တကယ်တမ်း သွားလုပ်တဲ့အခါကျတော့ ဖော်ဖော်ရွေရွေနဲ့ အကူအညီတွေပေးကြပါတယ်။ ဒီလို မှတ်ပုံတင်လိုက်တော့ လုပ်ငန်းက တရားဝင်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီဖြစ်သလို လိုအပ်တဲ့အကူအညီတွေလည်း အများကြီးရလာတယ်။ အဓိကကတော့ ကျွန်မရဲ့ စားသုံးသူတွေ အန္တရာယ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်ဆိုတဲ့ အာမခံချက် ပေးနိုင်သွားတာပေါ့။
မေး။ "ရွှေယောက်ဖ" တံဆိပ်နဲ့ ရိုးရာကပျာကယာမုန့်က လက်ရှိအချိန်မှာတော့ အထိုက်အလျောက် နာမည်လေးရပြီး လူကြိုက်များလာပြီဆိုတော့ အလားတူ ဒီလို လုပ်ငန်းလုပ်လိုသူတွေအတွက် ဘယ်လိုတိုက်တွန်း အားပေးစကားတွေ မျှဝေပေးချင်ပါသလဲ။
ဖြေ။ အဓိကက လုပ်ချင်စိတ် ရှိဖို့ပဲလိုတယ်။ လုပ်ချင်တယ်ဆိုရင် ပထမဆုံးက ကျွမ်းကျင်မှုရှိဖို့ သေသေချာချာလေ့လာစေချင်တယ်။ ဒီနေ့ခေတ်က လေ့လာစရာတွေများပါတယ်။ ကျွန်မဆီလာပြီးတော့လည်း အချိန်မရွေးလေ့လာနိုင်ပါတယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် အရှုံးနဲ့ အမြတ်ဆိုတာ ရှိပါတယ်။ အမှန်တစ်ကယ် လုပ်လိုသူတွေကို အားပေးပါတယ်။ ရိုးရာမုန့်တွေကို များများလုပ်နိုင်ပြီး ဈေးကွက်ထိုးဖောက်နိုင်လေ ပြည်ပကနေ နည်းလမ်းပေါင်းစုံနဲ့ဝင်လာတဲ့ စားသုံးဖို့ သင့်/မသင့် မသိတဲ့ မုန့်မျိုးစုံတွေ အသုံးပြုတာ နဲလာလေပါဘဲ။ ဒါကြောင့် ကျွန်မကတော့ အန္တရာယ်ကင်းပြီး အာဟာရလည်းဖြစ်တဲ့ ရိုးရာမုန့်တွေ ထုတ်လုပ်ဖြန့်ဖြူးချင်သူတွေကို အားပေးသလို ကူညီဖို့လည်း အသင့်ရှိပါတယ်။
ရိုးရာကပျာကယာမုန့်ကို အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသော်လည်း "ရွှေယောက်ဖ" အမည်ဖြင့် တနိုင်တပိုင် အသေးစားလုပ်ငန်းအဖြစ် စနစ်တကျ လုပ်ကိုင်ခဲ့သည်မှာ လုပ်ငန်းစတင်ခဲ့သည့် ကာလမှ ယနေ့အချိန်အထိ သုံးနှစ်တာကာလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စတင်လုပ်ကိုင်ခဲ့ချိန်က အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံနှင့်အတူ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သော်လည်း မလျှော့သောဇွဲဖြင့် ရင်ဆိုင်ကျော်ဖြတ်ကာ လက်ရှိအချိန်၌ အထိုက်အလျှောက်သော အောင်မြင်မှုဖြင့် ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ပါသည်။
ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာခဲ့သည့် ရိုးရာမုန့်ကို လူအများပိုမိုသိရှိခြင်းဖြင့် အန္တရာယ်ကင်း အာဟာရပြည့်သည့် အစားအသောက်ကို သုံးစွဲနိုင်ကာ ပြည်ပသွင်းကုန် အစားထိုး ရိုးရာမုန့်များထုတ်လုပ်ဖြန့်ဖြူးလာကြရေး ရည်ရွယ်ချက်ကောင်းဖြင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ထိုက်တန်သည့် အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။
အရည်အသွေးပိုမိုပြည့်ဝသည့် ထုတ်ကုန်ဖြစ်လာအောင် လုပ်ငန်းလိုအပ်ချက်တို့ကို အစဉ်တစိုက် သုံးသပ်ကြိုးပမ်းနေသကဲ့သို့ သူ့လိုလုပ်ချင်စိတ်ရှိသူ ရည်မှန်းချက်တူသူ ကြိုးစားလိုသူတို့ကိုလည်း အစဉ်တစိုက် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်းသူ-လှလှဌေး/ ဓာတ်ပုံ-နဒီ(ပြန်/ဆက်)