လွိုင်လင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပါသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းစိုးက ယနေ့ကျင်းပပြုလုပ်သည့်အစီအစဉ်သည် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဌာနတွင် အတန်းပညာများကိုသင်ကြားပေးနေသည့်အပြင် သက်ဆိုင်ရာဌာနအသီးသီးကလည်း အသိပညာပေးဟောပြောပွဲများဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများကို အလျဉ်းသင့်သလိုလာရောက်ဆောင်ရွက်ပေးခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပပေးသည့် အစီအစဉ်တွင် အရေးပေါ်လက်တွေ့မီးငြိမ်းသတ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မည် ကြိုတင်ပြင်ဆင်ထားရမည့်အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ သိသင့်သိသင့်သည်များကို လက်တွေ့ကျကျ သရုပ်ပြသသွားမည်ဖြစ်၍ ကျောင်းသား/သူများမှ စနစ်တကျလေ့လာမှတ်သားကြပြီး မိမိနှင့်မိမိပတ်ဝန်းကျင်၊ မိသားစုအတွင်းမျှဝေပေးကြရန် ပြောကြားသည်။ ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုန်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါ ကျောင်းအားကစားကွင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက တုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အသေးစိတ်ရှင်းလင်းသရုပ်ပြသကြပြီးနောက် ကျောင်းသား/သူများကိုယ်တိုင် မီးငြိမ်းသတ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ လူနာသယ်ယူခြင်းနှင့် ဂိမ်းကစားခြင်းများကို စိတ်ဝင်တစားပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)