မိုင်းယောင်းမြို့၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုရှင်းလင်း

မိုင်းယောင်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ခမ်းက ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဏာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြကာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်းအင်အား(၄၅)ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် အခွန်ပိုမိုရရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၏ ကြီးကြပ်မှုဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)