ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

ကြည့်မြင်တိုင်    ဇန်နဝါရီ     ၁၉

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ  ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြုကာ ဆောင်ရွက်ခဲ့ပြီး ကောက်ကွက် (၃)ခုဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ(၁၄၇)၊ အိမ်ထောင်စု (၂၈၇)စု၊ ကျား (၅၆၅)၊ မ (၅၈၆) စုစုပေါင်း (၁၁၅၁)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရသည်။

အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့တို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)