ကချင်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ပြည်နယ်ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

ထို့သို့အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၀၀၀၀)နီးပါးရှိနေပြီး ၎င်းတို့၏ဘဝတစ်လျှောက်လုံး နိုင်ငံအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များကို စနစ်တကျ စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် လိုအပ်သည့် အစားအသောက်နှင့် ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းတည်ရှိမှုအရေအတွက်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ပေးနိုင်ရေး စသည့်လုပ်ငန်းအစီအမံများကို လည်းကောင်း၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး၊ လစဉ်ဆေးဝါးကုသမှုလုပ်ငန်းများ ဝန်ဆောင်မှုပေးနိုင်ရေးစုဖွဲ့ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အထောက်အကူပြုအဖွဲ့များဖြင့် စုဖွဲ့ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြခဲ့သည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံ၏ ပုံမှန်လည်ပတ်မှုများ အခက်အခဲမဖြစ်ပေါ်စေ‌ရန် စနစ်တကျစီမံ‌ဆောင်ရွက်သွားရေး၊ ကူညီထောက်ပံ့မှုများအတွက် ရန်ပုံငွေလိုအပ်ချက်ကို အများပါဝင်လှူဒါန်းနိုင်ရေး စသည်တို့ကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)\