ရန်ကုန် ဇန်နဝါရီ ၁၉
ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ သူများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင့်လွင်က ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်များ၊ မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ ရှောင်ရန်နည်းလမ်းများ၊ သုံးစွဲသူများ၏ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဥပဒေ၊ နည်းဥပဒေများကို ကျောင်းသား၊ ကျောင်းသူများသိရှိနားလည်စေရန် အသိပညာပေးဟောပြောသည်။
ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)