မိုးညှင်းမြို့၌ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်လှစ်

မိုးညှင်း ဇန်နဝါရီ ၁၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ရွာသစ်ကုန်းရပ်ကွက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟို ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းအသင်းအား ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်နယ်တွင် ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့တာဖြစ်ပါကြောင်း၊ အသင်းသားအကျိုးစီးပွားနှင့် အကျိုးဆောင် မှတ်ပုံတင်ရရှိစေနိုင်ရေး စသည့်တို့ကို ရှင်းလင်းပြေားကြားသည်။

ထို့နောက် မြို့နယ်အသင်းကော်မတီဝင်များမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် ပြည်နယ်အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗန်မော်မြို့)တို့မှ ၎င်းအသင်းထံသို့ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြကာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မိုးညှင်းမြို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးကျော်နိုင်ဦးက ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များကို ဆက်လက်မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လမင်း