မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မနက်ပိုင်းက အဆိုပါကျောင်း၏ ကျောင်းအားကစားကွင်း၌ ကျင်းပရာ နယ်မြေခံနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အ.လ.က(ပန်ကတ်)ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီတို့က အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းဝန်းက ကျောင်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းဆွေး‌နွေးကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အ.လ.က (ပန်ကတ်)ကျောင်းမှ ရှမ်းပြည်နယ်အဆင့်၊ လွိုင်လင်ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူ(၇၆)ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်နုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများက တေးသီချင်းများ၊ တေးသရုပ်ဖော်များ၊ ရှမ်းရိုးရာကိန္နရီ ကိန္နရာအက၊ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကာ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)