ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အဖြစ် စိုက်ပျိုးထားရှိသည့်၊ ဆီထွက်သီးနှံ ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား ယမန်နေ့ ညနေ(၃) နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်တို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။         

ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော် တို့သည် ဝန်ထမ်းများနှင့်အတူ ကျောက်တံခါးကျေးရွာ၊ လယ်ကြီး မြောက်ကျေးရွာ၊ တောင်ပေါ်မြောက် ကျေးရွာများသို့ ကွင်းဆင်း၍  စီမံကိန်းအဖွဲ့ဝင်များ၏ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းက တောင်သူများနှင့် တွေ့ဆုံရာတွင် စီမံကိန်းလုပ်ငန်း အောင်မြင်အောင် ကြိုး ပမ်းဆောင်ရွက်ကြရေးနှင့် နိုင်ငံတော်မှ ပြည်တွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာ(ဆီထွက်သီးနှံ) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ မိမိတို့မြို့နယ်အတွင်း ကျေးရွာ (၅)ရွာ၌ စတင်ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်က အောင်မြင်ဖြစ်ထွန်းမှု ရခဲ့သည့်နည်းတူ ယခုနှစ်လည်း အောင်မြင်ဖြစ်ထွန်းမှုရရှိသဖြင့် ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်းအေးအေးမော်က ဆောင်းနေကြာများ ရိတ်သိမ်းသည့်အခါတွင် အလေအလွင့် မရှိစေရေးနှင့် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နည်းပညာလိုအပ်ချက်ရှိပါက မိမိတို့ မြို့နယ်ရုံးသို့ ဆက်သွယ်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာစိုက်ပျိုးရန် ဒုတိယ စက်ဝန်းထုတ်ချေးငွေကို သရက်တောကျေးရွာ၊ တောင်ပေါ်မြောက်ကျေးရွာ၊ ကျောက်တံခါး ကျေးရွာ၊ လယ်ကြီးမြောက် ကျေးရွာနှင့်မင်းခေါင်းအုပ်စု ထန်းခြံကျေးရွာ အစရှိသည့် ကျေးရွာ(၅)ရွာတို့ တွင်၊ တောင်သူ(၄၀၂)ဦး တို့အား လည်ပတ်ရန်ပုံငွေ (၁၃၅) သန်း ပံ့ပိုးထုတ်ချေးခဲ့ပြီး၊ အဆိုပါ တောင်သူ (၄၀၂)ဦးတို့မှ ဆောင်းနေကြာဧက စုစုပေါင်း(၈၆၇.၅၅)ဧက စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာများ အားလုံး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)