နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး MSME လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၁၉

နေပြည်​တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး MSME လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက မြို့နယ်များတွင် ဆောင်းသီးနှံများနှင့် နွေစပါးသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းများတိုးတက်စေရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာစသည့်ဌာနများ ပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်သီးစား၊ နှစ်သီးစားသာမက သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးမြေလစ်လပ်ခြင်းမရှိအောင် အစီအစဥ်တကျ စိုက်ပျိုးရန်၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည့်အချက်များ ပြည့်စုံအောင် ဝိုင်းဝန်းပူးပေါင်းအဖြေရှာ၍ စိုက်ပျိုးခြင်းအားဖြင့် ယခင်လိုသမားရိုးကျစိုက်ပျိုးခြင်းထက် အထွက်နှုန်းနှင့် အရည်အသွေးများ ပိုမိုကောင်းမွန်ကာ စျေးကွက်ခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသထွက်ကုန်များ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချနေသည့် MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း သွင်းကုန်အစားထိုး စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် လိုအပ်ချက်များကို အားပေးကူညီရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့်လည်း ဖြည့်ဆည်းထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဒေသထွက်ကုန်များဖူလုံရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပြီး လယ်ဝေးမြို့နယ်အတွင်းရှိ ရုံးတောဟင်းသီးဟင်းရွက်ဇုံ၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုံနှင့် ငါးမွေးမြူရေးကန်တို့၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်​ဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှုအခြေအနေများကို ပြန်လည်တင်ပြရန် မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင် ဒေါ်စန်းစန်းအေး၊ ဦးဝင်းနိုင်၊ ဦးမျိုးမင်းထိုက်၊ ဦးကျော်မင်းနှင့် ဦးသူရိန်တို့က ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ​လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)