မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင် လယ်ယာမြေများ ထိခိုက်လျော့နည်းမှုများ မရှိစေရေး လယ်ယာမြေအသုံးချမှုကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ မူဝါဒများ၊ ညွှန်ကြားချက်များ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်တိကျစွာ လေးစားလိုက်နာပြီး လုပ်ငန်းများကြံ့ကြာမှု မရှိရေး ဌာနအချင်းချင်း ချိတ်ဆက်ကာ လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဝင်းက လယ်ယာမြေ ဥပဒေပုဒ်မ- ၃၀(က) (ခ)အရ အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် လွှဲပြောင်းပေးပို့လာသည့် စိစစ်ရန်ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)