မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးကျေးရွာ စာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေကြီးကြပ်မှုကော်မတီက ကြီးမှူး၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပန်းမျိုးတစ်ရာခန်းမတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများကဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် နိုင်ငံတွင် ပညာတတ်လူသား အရင်းအမြစ်များပေါများကြွယ်ဝလာစေရန်၊ အလွန်တန်ဖိုးရှိလှသည့် လူငယ်များကိုအရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသောထူးချွန်ထက်မြတ်သည့် နိုင်ငံသားကောင်းများပေါ်ထွန်းလာစေရန် နိုင်ငံတော်က လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများချမှတ်၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ်မျိုးချစ်စိတ်များမြင့်မားလာစေရန်၊ စာပေစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာကြစေရန်ရည်ရွယ် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြတ်လာစေရန် လူငယ်များ၏ကြိုးစား အားထုတ်မှု၊ အခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် တစိုက်မတ်မတ်တည်ရှိနေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်းနှင့် လူငယ်များအနေဖြင့် နိုင်ငံ၏အနာဂတ်ကိုပုံဖော်သည့် အသိပညာဗဟုသုတနှင့် ပြည့်စုံသော ခေါင်းဆောင် ကောင်းများဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယ ဟန်ချက်ညီစွာဖြင့် ကြိုးစား သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်နေသည့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ၊ ပညာတတ်လူစွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်က နိုင်ငံသား တိုင်းပညာရည်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်ပေးနေမှုများ၊ လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုများဖွံ့ဖြိုးလာစေရန်၊ လူငယ်များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်များ၏အခန်း ကဏ္ဍကို အလေးထားဆောင်ရွက်ပေးနေမှုများကို ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများကို ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးကာ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များ၊ လူငယ်နှင့်ကလေးငယ်များပျော်ရွှင်စေရန် ကဏ္ဍအသီးသီးအလိုက် စိတ်ဝင်စားဖွယ် ကစားနည်းများ၊ ဉာဏ်စမ်းပဟေဠိကစားနည်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်