ဗန်းမော်တက္ကသိုလ် တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲ ကျင်းပ

ဗန်းမော် ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ်တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲနိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင်"သုတေသနလုပ်ငန်းတစ်ခု၏အမြင့်မားဆုံးရည်ရွယ်ချက်ကတော့အသိအမြင် သုတရရှိရန်ဖြစ်သောကြာင့် အဆင့်မြင့်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဆရာမများဟာ သုတေသနကိုအမြဲလုပ်ဆောင်နေကြမှာဖြစ်ကြောင်း၊ မိမိတို့သိမြင်တွေ့ရှိချက် အတွေ့အကြုံတွေကို အဆင့်မြင့်ပညာမှာ လာရောက်ရှာဖွေနေကြတဲ့ ကျောင်းသားကျောင်းသူ အနာဂတ်လူငယ်များကို သုတေသနစိတ်များ ရှင်သန်လာအောင် လမ်းပြမွေးထုတ် လက်ဆင့်ကမ်းပေးရမည် ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

 ယင်းနောက် ဗန်းမော်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည်က တက္ကသိုလ်၏ အသက်သွေးကြောတစ်ခုဖြစ်သည့် သုတေသနကို ဒေသလိုအပ်ချက် အသုံးချသုတေသနများဖြစ်စေရန် ဆရာဆရာမများကို ပြုလုပ်စေခြင်းဖြင့် ဆရာဆရာမများ အရည်အသွေပိုမိုမြင့်မားလာစေသည့်အပြင် ကျောင်းသားကျောင်းသူများအတွက် Project Based ကို အခြေခံသည့် သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်းကို အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း ဗန်းမော်တက္ကသိုလ်တည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် သုတေသနပိုစတာပြပွဲ၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အခမ်းအနားတွင် သိပ္ပံဘာသာရပ် သုတေသနစာတမ်း (၈)စောင်၊ ဝိဇ္ဇာဘာသာရပ် သုတေသနစာတမ်း (၇) စောင်၊ သိပ္ပံဘာသာရပ်သုတေသနပိုစတာ (၆)စောင်၊ ဝိဇ္ဇာဘာသာရပ် သုတေသနပိုစတာ (၆) စောင်နှင့် နည်းပညာတက္ကသိုလ်မှ သုတေသနစာတမ်း (၁)စောင် စုစုပေါင်းစာတမ်း (၂၈)စောင် ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီးရဲနိုင်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်မြင့်နိုင်၊ ပါမောက္ခချုပ်ဒေါက်တာနေသွယ်ကြည်၊ ဒုတိယပါမောက္ခချုပ်ဆရာကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် ပိုစတာပြပွဲအား လှည့်လည်ကြည့်ရှု့ခဲ့ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က သိပ္ပံဘာသာရပ်နှင့် ဝိဇ္ဇာဘာသာရပ်စာတမ်းဖတ်ပွဲအတွက် ထောက်ပံ့ငွေနှစ်သိန်းကျပ် ပေးအပ်ခဲ့သည်။

 ၂၀၀၁ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ဗန်းမော်ဒီဂရီကောလိပ်အဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဗန်းမော်တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်