မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး(Pfizer Comirnaty)များ ဆက်လျက်ထိုးနှံပေးလျက်ရှိ

မြစ်ကြီးနား ဇန်နဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty )များ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရာတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဇော်ရိန် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက (Pfizer Comirnaty) အမျိုးအစား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးများကို မြစ်ကြီးနားမြို့နယ်တွင် ဇန်နဝါရီ ၉ ရက်နေ့မှစတင်၍ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း(၄၈၃)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့‌ကြောင်းနှင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင်လည်း  ကာကွယ်ဆေး (Pfizer Comirnaty) များကို ယမန်နေ့နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း(၄၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)