ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ နန္ဒာရာမဆရာတော်ကြီးအားဖူးမြော်၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

စစ်တွေ    ဇန်နဝါရီ   ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးအားဖူးမြော်ပြီး စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့သွားရောက်ပြီးစာသင်တိုက်၏ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ် အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များဆက်ကပ်ရာ၌ ဆရာတော်ကြီးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များတွင် အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့် အတွက် ဂုဏ်ပြုဝမ်းမြောက် စကားလျောက်ထားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကိုသွားရောက်ကြည့်ရှုအားပေးကြသည်။ ထို့သို့ ကြည့်ရှုစဉ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးစောနိုင်က စစ်တွေမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ၁၀ နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိ စစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)