ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ အခြေခံပညာကျောင်း၌ ပညာရေးစုံညီပွဲတော်များ ကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၉

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လယ်သာကျေးရွာ အခြေခံပညာကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်မိုးက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက ဘက်စုံထူးချွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိစာသင်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိဘ၊ ဆရာများမှ ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်သာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက စာသင်ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကိုဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)