တနိုင်း ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဆင်(မ်)ဆာ့ကောင်း ရပ်ကွက်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ G-11 ကျောင်းသူ/သားလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း" ဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးကြောင်း သိရသည်။
ထို့နောက် တနိုင်းခရိုင်ပညာရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ပညာရေးစုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လှိုင်က ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ အာဇာနည်နေ့အထိမ်းအမှတ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့စသည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် စာပေဘာသာထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်မှ ကျောင်းသူ/ သားများနှင့် အတန်းတက်မှန်ဆုး၊ ထူးချွန်အောင်သင်ပြနိုင်သည့် ဆရာ/ဆရာမများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသူ/သားလေးများက အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မနောမြေ(တနိုင်း)