တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာဆင်နွှဲ

တပ်ကုန်း ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။

အခမ်းအနားကို ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းအကျိုးတော်ဆောင် ဦးထွန်းကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောသင်းက  ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအဆင့် ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကာယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄၂ ဦးအား ကျောင်းအုပ်ဆရာမကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ရာ အကပဒေသာအဖွဲ့များကို ဖိတ်ကြားထားသည့် ဧည်သည်များနှင့် ကျောင်းသားမိဘများက ဆုငွေများချီးမြှင့်ပေးအပ်၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်