မြစ်ကြီးနား ဇန်နဝါရီ ၁၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော် တရားရေးဦးစီးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ အပါအဝင် စုစုပေါင်း (၄၈)ဦးတို့ တက်ရောက်ကြသည်။
အဆိုပါရှင်းလင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက မိမိတို့တရားရုံး၌ လက်ခံစစ်ဆေးလျက်ရှိသောအမှုများကို ကြန့်ကြာမှုမရှိစေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် ပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်သေများကို စစ်ဆေးရာ၌လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေလုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များကို လိုက်နာလျက်စစ်ဆေးရမည်ဖြစ်ကြောင်း၊ တရားရုံးများ၌ မှုခင်းများကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကာ အမှုများကို စစ်ဆေးဆုံးဖြတ်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်တို့က တရားစီရင်ရေးကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်က တရားရုံးစီမံခန့်ခွဲရေးကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြပြီး ဗီဒီယိုကွန်ဖရင့်ဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက သက်ဆိုင်ရာရုံးများအလိုက် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)