နမ့်စန်(တ) ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ (လွယ်ယင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က-ခွဲ(လွယ်ယင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် နမ့်စန်ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်းနှင့် ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ PNO ဌာနေပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူး ခွန်သာထွန်း၊ လွိုင်ယဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ အ.ထ.က-ခွဲ(လွယ်ယင်း) ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများက ခရိုင်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများ၊ မြို့နယ်အဆင့် အားကစားနှင့် ဘာသာရပ်စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းအုပ်စု ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက်ဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများ၊ ထူးချွန်ဆရာ/ဆရာမများကို ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အ.ထ.က-ခွဲ(လွယ်ယင်း)ကျောင်းမှ ဆရာ/ဆရာမများနှင့်ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနား တက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)