တောင်ကြီး ဇန်နဝါရီ ၁၉
၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ(၁၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အနေဖြင့် ဘောလုံးအားကစားနည်းသည် ပြည်သူများ စိတ်ဝင်စားသော အားကစားနည်းတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်ဘောလုံးအသင်း၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသမိုင်းကိုပြန်ကြည့်ပါက အောင်မြင်မှုများစွာရရှိခဲ့သည့် အစဥ်အလာကောင်းများ တွေ့ရှိရမှာဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ် လက်ရွေးစင်ဘောလုံးအသင်းကို ရွေးချယ်သွားမှာဖြစ်ပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အစဥ်အလာရ ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိရန် မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲမှ ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်ဘောလုံးအားကစားသမားအမြောက်အများ ပေါ်ထွက်လာမည်ကို မျှော်လင့်မိပါကြောင်းနှင့် ပြိုင်ပွဲ၏ ရည်မှန်းချက် မြင့်မားလာသည်နှင့်အမျှ ပြိုင်ပွဲ၏ အနှစ်သာရပေါ်လွင်အောင် တာဝန်ရှိသူများနှင့် အားကစားသမားများက ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့က ပြိုင်ပွဲဝင်အားကစားအသင်းများ၊ ဒိုင်အဖွဲ့များကို လိုက်လံနှုတ်ဆက်ကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် ဆီဆိုင်မြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်း ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၂၇)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇန်နဝါရီလ(၁၇)ရက်မှ ဖေဖော်ဝါရီလ(၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)