တာလေမြို့၊ အခြေခံပညာမူလတန်းကျောင်း(ကြာရှော)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

တာလေ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာမူလတန်းကျောင်း (ကြာရှော)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် တာလေမြို့၏ ပညာရေးနယ်မြေမှူး၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖ ဆရာ ဦးထွန်းထွန်းလှတို့က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူလှိုင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာလေပညာရေးနယ်မြေမှူး ဆရာကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေကြရာ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)