ဗန်းမော်မြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ဗန်းမော်   ဇန်နဝါရီ    ၁၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား   ဖျက်ဆီးစော်ကားမှုများအား  ကန့်ကွက်ရှုတ်ချပွဲကိုဇန်နဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 အဆိုပါ     ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ရာတွင်   ဗန်းမော်မြို့   အောင်သာရပ်ကွက်၊   ဗလမင်းထင် ဂေါက်ကွင်းရှေ့လမ်းမကြီးပေါ်၌ စုရပ်ပြုလုပ်ကြပြီး ဗန်းမော်မြို့နောင်ခိုရပ်ကွက်နေ ဦးကျော်ဇင်စိုး ဦးဆောင်၍ လူ ရဟန်း သံဃာ  သီလရှင်အင်အား ၇၀၀ ဦးခန့်တို့ဖြင့် ဗန်းမော်မြို့မှဗိုလ်ချုပ်ကြီးလမ်းမ အတိုင်းထွက်ခွာခဲ့ပြီးညောင်ပင်ရပ်ကွက်ရှိဘောလုံးကွင်း(စုရပ်) နေရာသို့ရောက်ရှိလာပြီး ကြွေးကြော် သံများနှင့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်လက်၍ ကန့်ကွက်ရှုတ်ချပွဲသို့တက်ရောက်လာသည့် လူရဟန်း သံဃာသီလရှင်တို့က ဗုဒ္ဓဘာသာစေတီပုထိုးများ၊ ဆင်းတုတော်များဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ မိစ္ဆာများအား  ဆန့်ကျင်ရှုတ်ချကြောင်း  ဟောပြောကာဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ စေကြောင်း ဗုဒ္ဓသာ သနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍    နံနက် ၉ နာရီခွဲခန့်တွင်     အသီးသီး   လူစုခွဲသွားကြ ကြောင်းသိရှိရသည်။