ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်ကျန်ရှိသော ယာဉ်များအား ဖေဖော်ဝါရီလမှစ၍ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်

တာမွေ ဇန်နဝါရီ ၁၈

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်ကျန်ရှိသော ယာဉ်များအား ဖေဖော်ဝါရီလမှစ၍ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော တက္ကစီယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် နိုင်ငံတကာတက္ကစီယာဉ်များနည်းတူ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ဆောင်ရွက်သွားရန်” ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၅/၂၀၂၃) ဆုံးဖြတ်ချက်အပိုဒ်-၇(က) အရ ဆုံးဖြတ်ခဲ့ပြီး City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင် အနံ (၅)လက်မခန့်ရှိ အလျားလိုက်လိုင်း ဘေး Sticker ကပ်ရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် YRTC မီဒီယာတွေ့ဆုံပွဲတွင် ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် တက္ကစီယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ခြင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ (၃)လကြာ ဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်ပေးရာတွင် သတ်မှတ်ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅,၀၀၀ိ/- ကို YRTC မှ ကျခံပေးပြီး လက်ခမယူဘဲ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသလို City Taxi ယာဉ်ပိုင်ရှင်များကိုယ်တိုင် သတ်မှတ်ဒီဇိုင်းအတိုင်း မိမိအစီအစဉ်ဖြင့် Sticker ကပ်ခွင့်ပြုထားကြောင်း သိရသည်။

YRTC ၏ သုတေသနစစ်တမ်းများအရ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးသည့် ခန့်မှန်းယာဉ်အစီးရေ (၅၀၀၀၀) ရှိပြီး ရာခိုင်နှုန်းအနေဖြင့် (၈၆%) တပ်ဆင်ပြီးစီးနေပြီးဖြစ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ရန်ကုန်တက္ကစီမှတ်ပုံတင်အစီးရေ (၅၈၄၈၁) စီးရှိသဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်အစီးရေ (၈၀၀၀) ခန့် ရာခိုင်နှုန်းအနေဖြင့် (၁၄%) တပ်ဆင်ရန် ကျန်ရှိနေသေးကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ဆောင်ပြေးဆွဲလျက်ရှိသည့် နယ်အသီးသီးမှ တက္ကစီယာဉ်များလည်း ရန်ကုန်စီးတီးတက္ကစီယာဉ်များနည်းတူ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ရမည်ဖြစ်ကြောင်း၊ တပ်ဆင်ထားခြင်း မရှိသော တက္ကစီယာဉ်များအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်ကာ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)