ကြည့်မြင်တိုင် ဇန်နဝါရီ ၁၈
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က ၃ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့် တေးသရုပ်ဖော် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအောင်မြက်ထိုက်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သန်းသန်းမော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအောင်မြက်ထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)