လှိုင် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၁၈-၁-၂၀၂၄ ရက်နေ့နံနက် (၉) နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအား ကျောင်းသား ကျောင်းသူလေးများမှ “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သီတာဝင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းများ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် A အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းပျက်ရက်မရှိသော ကျောင်းသား ကျောင်းသူများ၊ ကျောင်းတွင်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့သည်။ ကျောင်းအခမ်းအနားများကျင်းပရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ကြသော စေတနာရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်အပြီးတွင် ကျောင်းသား ကျောင်းသူလေးများမှ တေးသရုပ်ဖော် အကအလှ ပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ဧည့်ပရိတ်သတ်များမှ ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းပညာရေးစုံညီပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)