ဒလ ဇန်နဝါရီ ၁၈
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါလမ်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိ ရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တွံတေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ လမ်းအရှည် ၇၀၀ပေ၊ လမ်းအကျယ် ၁၀ ပေ နှင့် ထု ၆ လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (VDP) ဖြင့် စီမံကိန်းထောက်ပံ့ငွေ (၁၅.၀၀) ကျပ်သန်း၊ ပြည်သူထည့်ငွေ (၂.၁၄) ကျပ်သန်း စုစုပေါင်းငွေ (၁၇.၁၄) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝါဝါထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။
မြင့်ဇော်(ပြန်/ဆက်)