ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အများပြည်သူများ ညအချိန်တွင် သွားလာမှုလွယ်ကူစေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်စေရန်၊ ခိုးဆိုးလုယက်သူများအန္တရာယ်မှ ကာကွယ်နိုင်စေရန်နှင့် လုံခြုံမှုအထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ လမ်းမီးများစစ်ဆေးပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၊ လမ်းမီးဌာနမှဝန်ထမ်းများက အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းနှင့် ပြည်လမ်းထောင့်ရှိ High Mast (၁) ခု လမ်းမီး (၈) လုံး အသစ်လဲလှယ်ခြင်း၊ အောက်မင်္ဂလာဒုံလမ်း (အင်းစိန်ပြည်သူ့ဆေးရုံကြီးနောက်ကျော) တစ်လျှောက်ရှိ လမ်းမီး (၅) လုံး စစ်ဆေးပြုပြင်ခြင်းနှင့် သီရိမင်္ဂလာလမ်းတစ်လျှောက်ရှိ လမ်းမီး (၃) လုံး စစ်ဆေးပြုပြင်ခြင်းနှင့် (၁၀) လုံးအသစ်လဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို