တာမွေ ဇန်နဝါရီ ၁၈
“မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်း” ဆိုသည့် စကားအတိုင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “စုံညီပွဲတော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင်လှစ်ခဲ့ပြီး တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က ပညာရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ မှာကြားဆွေးနွေးခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက “တောင်ယာဝင်ချိန်”တေးသီချင်းဖြင့်လည်းကောင်း၊ တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက “ပြည်ထောင်စုလှေ” အဖွဲ့လိုက်ယိမ်းအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိခဲ့ကြသူများ၊ ဘာသာရပ်အလိုက် ပညာရည်ချွန်ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီး တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)