ညောင်ဦး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် ရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မျက်ပါးရွှေဆိုင်း ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားတွင် ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်ခြင်းလုပ်ငန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ တင်ဒါစည်းကမ်းချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားသောစည်းကမ်းချက်များ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရွှေသင်္ကန်းတင်ဒါလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးကျော်မြင့်က ရှင်းလင်းပြောကြားကာ မျက်ပါးရွှေဆိုင်းတင်ဒါဈေးပြိုင်စနစ်ဖြင့် ပေးသွင်းမည့်သူများနှင့် ရွှေလုပ်ငန်းဆောင်ရွက်လိုသူများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်ကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း သုံးကြိမ်သုံးခါပြောဆို၍ ဆွေးနွေးစေကာ မျက်ပါးရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါစနစ်စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် မျက်ပါးရွှေဆိုင်းများ ဈေးပြိုင်တင်ဒါခေါ်ယူပွဲကျင်းပခြင်း အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မျက်ပါးရွှေဆိုင်းဈေးပြိုင်တင်ဒါဆွဲမည့်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့်ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း(၂၆၀၀၀)ဖြင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း